ဆောင်းတွင်းမှာ အသီးအရွက်တွေ ပေါများတဲ့ ရာသီဆိုရင် မမှားပါဘူး။ ဒီလိုအချိန်မှာ ခရမ်းချဉ်သီး ငပိချက်နဲ့ တွဲပြီး စားတတ်ကြတာကတော့ တမာချဉ်ပါပဲ။
တမာရွက်ပြုတ်၊ တမာရွက်အချဉ်ဟာ ခါးပေမယ့် ခံတွင်းမြိန်စေတဲ့ အရွက်တစ်မျိုးပါ။ သူ့မှာရှိတဲ့ အခြားအာနိသင်တွေကိုလည်း ပြန်ပြီး မျှဝေလိုက်ပါတယ်။
(၁) ပိုးသတ်အာနိသင်ရှိပါတယ်။ တမာရွက်မှာ ဘက်တီးရီးယား၊ ကပ်ပါးကောင်၊ ဖန်းဂပ်စ်မှို၊ ပရိုတိုဇွနဲ့ ဗိုင်းရပ်စ်တွေကို ဆန့်ကျင်နိုင်တဲ့ ပိုးသတ်အာနိသင်တွေ ရှိပါတယ်။
ဒါကြောင့် အနာပေါက်နေချိန်မှာ တမာရွက်ကို ပြုတ်ပြီး တို့စားတာ၊ တမာရွက်ကို ကျိုပြီး ရလာတဲ့ ရေနဲ့ အနာကို ဖန်ရည်ဆေးတာတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။
(၂) ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှား တွေကို သေစေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်အရေပြား ယားယံနေရင် တမာရွက်ပြုတ်ရည်နဲ့ ရေချိုးလိုက်ပါ။ တမာရွက်ရဲ့ ဆေးဖက်ဝင်အာနိသင်ကြောင့် ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။
(၃) ပြတ်ရှရာနဲ့ အနာတွေကို အမြန် သက်သာစေပါတယ်။ သင့်အရေပြားမှာ ပြတ်ရှရာ ဒါမှမဟုတ် အနာတွေ ဖြစ်ပေါ်နေရင် တမာဆီကို လိမ်းပေးနိုင်ပါတယ်။ ဒဏ်ရာနဲ့ အနာတွေမှာ ကပ်ငြိနေတဲ့ ပိုးမွှားမှန်သမျှ တွန်းလှန်ပေးပြီး အနာကျက်မြန်စေပါတယ်။
(၄) အရေပြားအနာတွေအတွက် ဆေးစွမ်းကောင်းပါ။ နှင်းခူ၊ ဝက်ခြံ၊ အရေပြားဓာတ်မတည့်တာ၊ အရေပြားမှာ အနီကွက်ပေါ်တာ၊ အရေပြားမှာ ယားနာပေါက်တာစတဲ့ အရေပြားဝေဒနာအားလုံး အမြန်သက်သာစေဖို့ တမာဆီ ဒါမှမဟုတ် တမာရွက်နဲ့ လုပ်ထားတဲ့ ပေါင်ဒါမှုန့်ကို အသုံးပြုပေးပါ။
(၅) မီးလောင်ဒဏ်ရာကို အမြန်သက်သာစေပါတယ်။ မီးလောင်တာကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကုသရာမှာ တမာရွက် ထည့်ကျိုထားတဲ့ တမာရေကို လိမ်းပေးပါ။ အရေပြားကို အနာအမြန်ကျက်စေပြီး ပိုးမဝင်အောင်နဲ့ ဓာတ်မတည့်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၆) ဆံပင်သား ကျန်းမာစေပါတယ်။ တခြားဆံပင်လိမ်းဆီအစား ဆံပင်မှာ တမာဆီကို လိမ်းပေးရင် ဆံပင်မဖြူအောင် ကာကွယ်ပေးနိုင်ပြီး ဗောက်ထတာ၊ သန်းရှိတာနဲ့ ဆံပင်ကျွတ်တာတွေကို သက်သာလျော့ပါးစေပါတယ်။
(၇) ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှုကို သက်သာစေပါတယ်။ တမာဆီကို နာကျင်နေတဲ့ ကြွက်သားနဲ့ အဆစ်နေရာတွေမှာ လိမ်းပြီး နှိပ်ပေးရင် ရိုးဆစ်ရောင်ရမ်းနာ၊ ဂေါက်အဆစ်ရောင်နာ၊ ခါးနာတာစတဲ့ နာကျင်မှု ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
(၈) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ တမာရွက်ကို ပြုတ်ပြီး စားပေးရင် အရသာခံအာရုံ မကောင်းတာကို သက် သာစေပြီး ဝမ်းချုပ်တာနဲ့ အစာမကြေတာကို သက်သာစေပါတယ်။ ရင်ပူမှု မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါ တယ်။
(၉) သန်ကောင်တွေကို ကင်းစင်စေပါတယ်။ တမာရွက်ကို ပြုတ်ပြီး စားတာက သန်ကောင်တွေကို ကင်းစင်စေပါတယ်။ အကြောင်းကတော့ တမာရွက်မှာ သန်ကောင်တွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်းရှိပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်း ဆောင်တာတွေကို ကျန်းမာစေလို့ပါ။
(၁၀) သွေးသန့်စင်စေပါတယ်။ တမာရွက်ကို ပုံမှန်စားပေးရင် သွေးသန့်စင်စေပါတယ်။ တမာရွက်ဟာ သွေးထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါကင်းစေပါတယ်။
(၁၁) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ တမာရွက်ကို ဆီးချိုသွေးချိုရောဂါ ရှိသူတွေအတွက် ထိရောက်တဲ့ ဆေးတစ်လက်လို့ ဆိုကြပါတယ်။ အကြောင်းကတော့ တမာရွက်ဟာ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်လို့ပါ။
(၁၂) ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ တမာရွက်ကို စားပေးရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားနည်းစေတဲ့ ပြင်ပရောဂါတွေကိုလည်း အတိုင်းအတာတစ်ခုအထိ တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။
ကြယ်စင်
Credit-Good Health