ဟွိုက်လန်းအပေါ် ဝေဖန်ပြောဆိုမှုတွေကို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပြီး ထောက်ခံကာကွယ်သွားတဲ့ ကတ်စမဲရိုး

Posted on

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကတ်စမဲရိုးက ဂိုးပေါက် ပျောက်ဆုံးမှုကြောင့် ရုန်းကန်နေရတဲ့ အသင်းဖော် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်လန်းအပေါ် ဝေဖန်ပြောဆိုမှုတွေကို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပြီး ဟွိုက်လန်းဟာ ယူနိုက်တက်ရဲ့ သူရဲကောင်းဖြစ်လာမယ်လို့ ထောက်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက အတ္တလန္တာမှ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင် ၇၂ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဟွိုက်လန်းဟာ လက်ရှိ အချိန်မှာ ယူနိုက်တက်အတွက် ချန်ပီယံလိဂ်သွင်းဂိုး ၅ ဂိုးအထိရယူပေးထားနိုင်သော်လည်း ပရီးမီးယား လိဂ်မှာတော့ ၁ ဂိုးသာ သွင်းယူထားနိုင်တာကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ကတ်စမဲရိုးကတော့ ဟွိုက်လန်းဟာ တဖြည်းဖြည်းနဲ့တိုးတက်လာပြီး ယူနိုက်တက်ရဲ့ သူရဲကောင်း ဖြစ်လာမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ဘရာဇီးလ် လက်ရွေးစင် ကစားသမားက “ဘာပဲဖြစ်ဖြစ် သူကခုချိန်မှာ ကလေးပဲရှိပါသေးတယ်။ ဒါကြောင့် သူ့ကို ဖိအားတွေအရမ်းမပေးကြပါနဲ့။ လူတော်တော်များက သူ့ကို အသင်းကို ရုတ်တရက်ရောက်လာပြီး ဂိုး ၃၀ လောက်သွ င်းပေးနိုင်မယ်လို့ ယူဆနေကြပါတယ်။

သူက ငယ်ရွယ်ပြီး ဒါက သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ်ရာသီပါ။ သူ့ရဲ့ စိတ်ဓာတ်ပိုင်းကိုတော့ ကျွန်တော် တကယ် ကြိုက်ပါတယ်။ သူ့ရဲ့ပထမဆုံးပွဲဦးထွက်ကလည်း အင်မတန်ခက်ခဲတဲ့ အာဆင်နယ်နဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ကြပ်တည်းနေတဲ့အချိန်မှာဝင်လာပြီး သူက တက်တက်ကြွကြွ ကစားထားနိုင်ပါတယ်။

သူက ပွဲတိုင်းမှာ ပိုကောင်းသထက်ပိုကောင်းအောင်ကြိုးစားနေပါတယ်။ သူက ပွဲထွက်ကစားသမားစာရင်းမှာပဲ အမြဲတမ်းကစားနိုင်ဖို့ အလိုရှိနေတာပါ။ သူက မြင့်မားတဲ့ ရည်မှန်းချက်တွေနဲ့အတူ ဒီအသင်းအတွက် တကယ် ကောင်းတဲ့ ကစားသမားပါ။ သူဟာ ယူနိုက်တက်ရဲ့ခေတ်တစ်ခေတ်ကို သတ်မှတ်နိုင်ပါတယ်၊” လို့ ပြောကြားခဲ့ပါတယ်။

ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူး ဟွိုက်လန်းဟာ ဖျားနာမှုကြောင့် ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။

အဲရစ်တန်ဟက်ရဲ့ အသင်းဟာ ဒီညမှာ အက်ဖ်အေဖလားပွဲစဉ်အဖြစ် ဝီဂန် အသင်းနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တိုက်စစ်ပိုင်းက ဂိုးတွေသွင်းနိုင်ဖို့ လိုအပ်နေပါတယ်။