ဝီဂန် ကို နိုင်ပြီးနောက် အောက်တန်းအသင်းငယ်လေးတွေနဲ့သာ ယှဉ်ပြိုင်ကစားရတော့မယ် မန်ယူ

Posted on

မန်ချက်စတာယူနိုက်တက် အသင်းဟာ မနေ့ညက ဝီဂန်နဲ့ အက်ဖ်အေဖလားပွဲ ယှဉ်ပြိုင် ကစားရာ ၂-ဝ နဲ့ နိုင်ပြီး နောက်တစ်ဆင့် တက်သွားခဲ့ပါပြီ။

ဒီပွဲမှာ မန်ယူက ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ အီဗန်စ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ် မှာတော့ မိုင်နူး၊ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂါနာချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်အနေနဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရချိန်မှာ တူရကီနိုင်ငံ ကိုယ်စားပြု ဝါရင့်ဂိုးသမား ဘေယင်ဒါကို လိဂ်ဝမ်းကလပ် ဝီဂန်နဲ့ ကန်တဲ့ ပွဲမျိုးမှာတောင် မသုံးဘူးလားလို့ မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။

အိမ်ရှင် ဝီဂန် အသင်းဘက်မှာတော့ နာမည်ရှိတဲ့ ကစားသမားဆိုလို့ စပါးစ်ခံစစ်မှူး ရိုင်ယန် ဆက်ဆီညွန်ရဲ့ အမြွှာညီအစ်ကို စတီဗင် ဆက်ဆီညွန်ပဲ ပါဝင်လာခဲ့တာပါ။

မန်ယူတို့အတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၂ မိနစ်မှာ ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဖြတ်တင်ဘောကို ဧရိယာထဲ ကနေ ကန်သွင်းဖို့ ကြိုးစားတာ မအောင်မြင်ခဲ့တဲ့ ခပ်ညံ့ညံ့ ရက်ရှ်ဖို့ဒ်ရဲ့ နောက်ပြန်ခင်းပေးလိုက်တဲ့ ဘောလုံးကို ဘယ်နောက်ခံလူ ဒါလော့က ဧရိယာအစပ်ကနေ ညာဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ မန်ယူတို့က ဝီဂန်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ကြပြီး ဒီနေ့ပွဲမှာတော့ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းနဲ့ ဂိုးပေါက်ကို ၃၃ ကြိမ် ကန်ခွင့်ရရှိခဲ့ရာမှာ တိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည်က ဂိုးပေါက် ၁၄ ကြိမ်သာ တည့်ခဲ့မှုနဲ့ တစ်ယောက်မှ ဂိုးမရခဲ့တာက ပြောစရာဖြစ်ခဲ့ပြီး တန်ဟတ်နဲ့ ပရိသတ်တွေ ဆက်လက်ခေါင်းကိုက်ဖို့ပဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ မန်ယူတို့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထဲမှာ ဘရူနို ဖာနန်ဒက်စ်က ဖိန့်တာကို ဖျက်ပုံ မသေသပ်တဲ့ ဝီဂန်နောက်ခံလူ ရှောကြောင့် ပေးခဲ့ရတဲ့ ခပ်ပျော့ပျော့ ပင်နယ်တီ လက်ဆောင်ကို ပေါ်တူဂီသားက ကိုယ်တိုင်ပဲ ဘယ်ဘက်တိုင်ခြေကို သပ်သပ်ရပ်ရပ် ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နောက်ထပ် တိုက်စစ်မှူးတွေ ဂိုးမရတဲ့ ပွဲတစ်ပွဲမှာ ဝီဂန်ကို မန်ယူတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင်ရကာ အက်ဖ်အေဖလားရဲ့ စတုတ္ထအဆင့်ကို တက်ရောက်သွားခဲ့ကြပါတယ်။

နောက်တစ်ဆင့်မှာတော့ မန်ယူက အောက်တန်းအသင်းငယ်လေးတွေဖြစ်ကြတဲ့ နယူးပို့နဲ့ အိစ်လေးတို့ နှစ်သင်းထဲက အနိုင်ရတဲ့ အသင်းနဲ့ အဝေးကွင်းမှာ ဆက်လက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။