လီဗာပူးတို့ ဇယားထိပ်ကို ရောက်နေတာကြောင့် အိမ်သာထဲသွားငိုတော့မယ်ဆိုတဲ့ အီဗရာ

Posted on

မန်ချက်စတာယူနိုက်တက် ဂန္တ၀င် ပက်ထရစ်အီဗရာက လီဗာပူးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ကို ရောက်သွားတာ မြင်တွေ့ခဲ့ရပြီးနောက် သူ့အနေနဲ့ အိမ်သာထဲ သွားငိုတော့မယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ နူးနက် ဂျိုတာ တို့ရဲ့ ဂိုးတွေနဲ့အတူ ဘန်လေကို အဝေးကွင်းမှာ အနိုင်ယူကာ ဇယားထိပ်ဆုံးနေရာကို တက်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်သာ ကြာသပတေးနေ့မှာ ၀က်ဟမ်းကို နိုင်ခဲ့မယ်ဆိုရင်တော့ လီဗာပူးတို့ အဆိုပါ နေရာကို ပြန်လွှဲပေးရမှာ ဖြစ်ပါတယ်။ အီဗရာက လီဗာပူးတို့ ဒီရာသီ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရန် အခြေအနေကောင်းတယ်လို့ rate ပေးလိုက်ပြီး မန်ယူနိုက်တက် ကစားသမားဟောင်း တစ်ဦး ဖြစ်နေတာကြောင့် ဒီလိုမျိုး ပြောရတာ သူ့အတွက် နာကျင်စရာ ကောင်းတယ်လို့ ၀န်ခံလိုက်ပါတယ်။

အီဗရာက “လီဗာပူးတို့ အမှတ်ပေးဇယားထိပ်ကို တက်သွားတာနဲ့ ပက်သက်ပြီး ကျနော် သိပ်ပြီးတော့ မပြောချင်ပါဘူး။ ဒါပေမယ့် ကျနော်ဟာ အခု ရုပ်သံမှာ အလုပ်လုပ်နေတာကြောင့် ကြားနေပရိတ်သတ် ဖြစ်နေရမှာပါ။ ဒီလိုတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လီဗာပူး ကိုတော့ ချီးကျူးသွားရမှာ ဖြစ်ပါတယ်။ သူတို့ ဒီနေရာနဲ့ ထိုက်တန်ပါတယ်။ ကျနော် ကတော့ သူတို့ဟာ အမှတ်ပေးဖလား အတွက် ရေပန်းစားတဲ့ အသင်း တစ်သင်းလို့ ကျနော် ယူဆပါတယ်။

ကျနော်တို့ဟာ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ် တို့အကြောင်းပဲ အများကြီး ပြောနေကြပါတယ်။ အမှန်ပါပဲ။ စီးတီးဟာ လက်ကျန် ၂ ပွဲ ကစားရန် ကျန်နေသေးပါတယ်။ ဒါပေမယ့် လီဗာပူး ကလည်း အမှတ်ပေးဖလားကို ပြန်လည် စိန်ခေါ်နိုင်ပြီလို့ ကျနော် ထင်ပါတယ်။ သူတို့ဟာ ဇယားထိပ်မှာ ရှိနေပါတယ်။ သူတို့ ဒီနေရာကို ထိန်းထားနိုင်လောက်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ရှိနေလို့ပါ။ ပြီးတော့ သူတို့မှာ အရမ်းကို ထူးချွန်တဲ့ မန်နေဂျာလည်း ရှိပါတယ်။

ကျနော်ဟာ ကြားနေ သက်သက်တော့ မဟုတ်ပါဘူး။ ကျနော် လီဗာပူးကို အများကြီး ချီးကျူးထားပါတယ်။ အခု ကျနော် အိမ်သာထဲ သွားငိုတော့မှာပါ။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ ဒီရာသီ လိဂ်ပွဲစဉ် တစ်ပွဲသာ ရှုံးနိမ့်ထားခဲ့ပြီး အဆိုပါ ပွဲစဉ်ကလည်း တော့တင်ဟမ်နဲ့ ပွဲဖြစ်ကာ အနီကတ် ၂ ကတ် ထိခဲ့တဲ့ အပြင် ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးဟာ နှစ်သစ်မှာ ခက်ခဲတဲ့ ပွဲစဉ်တွေ ကစားရမှာ ဖြစ်ပြီး နယူးကာဆယ် ၊ ဘုန်းမောက် ၊ ချဲလ်ဆီး အာဆင်နယ် တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။