မန်ချက်စတာယူနိုက်တက်ဟာ အက်စတွန်ဗီလာကို ၃-၂ နဲ့ နောက်ကနေလိုက်ပြီး အနိုင်ယူနိုင်ခဲ့သော်လည်း အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကတော့ အသင်းရဲ့ဆိုးဝါးတဲ့ရလဒ်တွေက သူနဲ့ အသင်းဖော်တွေရဲ့ ယုံကြည်မှုတွေ အပေါ် သက်ရောက်မှုကြီးကြီးမားမား ရှိခဲ့ကြောင်း ဝန်ခံလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီနိုင်ပွဲ မတိုင်ခင်က ပရီးမီးယားလိဂ် ၄ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်၊ ဂိုးပေါက် ပျောက်ခဲ့ကာ ဝေဖန်မှုတွေ များစွာ ခံယူခဲ့ရပါသေးတယ်။
ဖာနန်ဒက်စ်က “ကျွန်တော်တို့အနေနဲ့ ယုံကြည်ချက်ခိုင်ခိုင်မာမာရှိရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုမရှိရင် ပိုပြီးခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် မကြာသေးမီက အခိုက်အတန့်ကာလတွေမှာ ကျွန်တော် ယုံကြည်မှုပျောက်ဆုံးခဲ့ပါတယ်။
ကျွန်တော်ဆို ကိုယ့်ကိုကိုယ် ယူနိုက်တက်နဲ့ ထိုက်မှထိုက်တန်ရဲ့လားလို့ ပြန်မေးမိခဲ့ပါတယ်။ ဒါ့ပေမယ့် အခြေအနေတွေ က ထင်သလိုဖြစ်မလာတဲ့အချိန်မှာ ဒီလိုတွေးတတ်ကြတာက ပုံမှန်ပါပဲ။ ဒါပေမယ့် အခုချိန်မှာတော့ ဒါတွေကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ယခင် ရလဒ်ဆိုးတွေကနေ ပြန်လည် ရုန်းထထလာခဲ့ပြီး ဗီလာနဲ့ အတွေ့မှာ နိုင်ပွဲတစ်ပွဲကို ဟွိုက်လန်းရဲ့ နောက်ကျအနိုင်ဂိုးနဲ့အတူ ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲစဉ်မှာလည်း ယူနိုက်တက်ဟာ ပထမပိုင်းမှာ ဝ-၂ နဲ့ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ တောင်ပံကစားသမား လီဂျန်ဒရိုဂါနာချိုရဲ့ ချေပဂိုး ၂ ဂိုးအပြင် ဟွိုက်လန်းရဲ့ဂိုးကိုလည်း ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ လာမယ့် ပွဲစဉ်မှာတော့ နော်တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြသစ် လက်ထက်မှာ နော်တင်ဟမ်ဖောရက်စ်ဟာ နယူးကာဆယ်ကို အဝေးကွင်းမှာ ၁-၃ နဲ့ဂိုးပြတ် အနိုင် ရရှိထားတာကြောင့် ယူနိုက်တက်အတွက် နောက်ထပ်ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ အလားအလာများနေပါတယ်။