မန္တလေးတိုင်း၊ မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦးသေဆုံး ခဲ့ကြောင်းသိရသည်။
ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်)၊ နေ့လယ် ၁၂နာရီခန့်တွင် သရက်ကောင်းပင်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော အင်အား ၃၀ခန့်ရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Natogyi People Defense Force မြင်းခြံခရိုင်အမှတ် ၄တပ်ရင်းက ထုတ်ပြန်ထားသည်။
” ပျုရွာတော့မဟုတ်ပါဘူး။ သရက်ကောင်းပင်ရွာမှာ အထိုင်ချတပ်စွဲထားတာ ဗျ၊ ပျော်ဘွယ်ရွာဘက်ထွက်ပြီးပြန်လာတဲ့အချိန် ဒရုန်းနဲ့ချခဲ့တာ။ အပင်အောက် နား နေချိန်မှာ ချတာ၊ ပထမတစ်လုံးကသူတို့နားနေတဲ့နေရာကိုချခဲ့ပြီးတော့ ဒုတိယလုံးက သူတို့ထွက်ပြေးတဲ့ဘက်ကိုချခဲ့တာ” ဟု မြင်းခြံခရိုင်တပ်ရင်း ၈ မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ယင်းတိုင်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ဦးသေဆုံးပြီး ၃ဦးသေဆုံးကြောင်းကို မျက်မြင်တွေရှိရသူများထံမှအတည်ပြုနိုင်ကြောင်း ၎င်းကပြောသည်။
” ကျတော်တို့ ချပြီးပြန်တော့ သေနတ်နဲ့လျှောက်ပစ်သံတွေကို ကြားခဲ့ရတယ်” ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
သေဆုံးသည့်သူများကို သရက်ကောင်းပင်ကျေးရွာတွင် သဂြိုဟ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို မိတ္ထီလာမြို့သို့ပို့ဆောင်ကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင်တပ်ရင်း – ၄၊ မြင်းခြံခရိုင်တပ်ရင်း-၈ NRDF၊ နွားထိုးကြီးမြို့နယ်ပကဖ၊ စဉ့်ကိုင်ပကဖတို့မှ ပူးပေါင်ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်းသိရသည်။