ဖောရက်စ်ကို ဘာလို့ ရှုံးလဲဆိုတာ ပြောပြလိုက်တဲ့ တန်ဟက်

Posted on

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို သွားရောက် ရင်ဆိုင်ရာမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ပထမပိုင်းမှာ ခြေစွမ်းမကောင်းခဲ့ပေမယ့် ဂိုးမပေးခဲ့ရတဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ကောင်တာ တိုက်စစ် ၂ ကြိမ် ကနေ ၂ ဂိုး ပေးခဲ့ရတာ ဖြစ်ပါတယ်။ ခံစစ်က ဂိုးပေးရသလောက် တိုက်စစ်က ဂိုးမရခဲ့ခြင်းကပဲ ယူနိုက်တက်ကို ရှုံးပွဲ ရင်ဆိုင်ရစေခဲ့တာပါ။

ပွဲအပြီးမှာ ဒီပွဲကို ယူနိုက်တက်တို့ ဘာကြောင့် ရှုံးနိမ့်ခဲ့သလဲလို့ မေးမြန်းခံရချိန်မှာ နည်းပြ တန်ဟက်က အဓိက ပြဿနာကြီးကို အခုလိုဖော်ထုတ်လာပါတယ်။

ဖောရက်စ်ပွဲ ရှုံးခဲ့ရခြင်းကို တန်ဟက်က ” ဒဏ်ရာတွေကြောင့်ပေါ့ဗျာ။ အချို့ ပြဿနာလေးတွေလည်း ရှိတယ် ဆိုပေမယ့် အဓိက ကတော့ ဒဏ်ရာတွေကပဲ ကျနော်တို့ရဲ့ တိုးတက်မှုကို နောက်ပြန်ဆွဲထားတာပါ။

ဇန်နဝါရီမှာ ကျနော်တို့ ကစားသမား အများကြီး ပြန်သက်သာလာမှာဆိုတော့ အမြင့်ဆုံး အဆင့်တွေကို ပြန်ရောက် လာဦးမှာပါ။

ကလပ်ရဲ့ ဘောလုံးအော်ပရေးရှင်းဆိုင်ရာ တာဝန်ရှိသူကလည်း ကျနော်တို့ရဲ့ ပြဿနာကို မြင်မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ရလဒ်အပေါ်မှာ အခြေအနေကောင်း တည်ဆောက်လိုပေမယ့် တိုက်စစ်မှူးနေရာ ပြောင်းလဲခဲ့ရပါတယ်။ ” လို့ ပြောဆိုသွားပါတယ်။

ဒါ့အပြင် တန်ဟက်က အသင်း ပိုင်ရှင်သစ် ရှယ်ယာရှင်သစ်တွေကလည်း သူ့ အပေါ် ထောက်ခံမှု ပေးထားတယ် လို့ အသိပေး ပြောဆိုခဲ့ပါသေးတယ်။