ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး စံချိန်အချို့ကို ပိုင်ဆိုင်သွားပြီဖြစ်တဲ့ ဟွိုင်လန်း

Posted on

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဂိုးတွေ ဆက်တိုက်သွင်းနေတဲ့ ဒိန်းမတ်လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုင်လန်းဟာ လူတန်နဲ့ပွဲမှာလည်း ခြေစွမ်းပြ ဂိုးတွေသွင်းပြီး ပရီးမီးယားလိဂ်သမိုင်းဝင်စံချိန်ကောင်းတစ်ခု ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ပွဲအစ ၃၇ စက္ကန့်မှာပဲ လူတန်နောက်ခံလူ အမာရီဘဲလ်ရဲ့အမှားကနေ ဟွိုင်လန်းက အဖွင့်ဂိုးသွင်းခဲ့ရာမှာ ဒီဂိုးဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဝေးကွင်းပွဲမှာ ယူနိုက်တက်အသင်းအတွက် အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဲဒီနောက် ၇ မိနစ်မှာလည်း ဂါနာချိုရဲ့ကန်ချက်က ဟွိုင်လန်း ရင်ဘတ်နဲ့ထိပြီးတော့ ဂိုးဝင်ခဲ့ပြီး ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဝေးကွင်းမှာ ၇ မိနစ်အတွင်း ပြိုင်ဘက်ကို ၂-၀ ဂိုးပြတ် ဦးဆောင်နိုင်တာနိုင်က ဒါပထမဆုံးအကြိမ်ပါပဲ။

၂ ဂိုးသွင်းခဲ့သူ ဟွိုင်လန်းဟာ နယူးကာဆယ်ကွင်းလယ်လူ ဝီလော့ခ်(အသက် ၂၁ နှစ် ၂၇၂ ရက်)ကို ကျော်ဖြတ်ပြီးတော့ အသက် ၂၁ နှစ် ၁၄ ရက်နဲ့ ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

လူတန်နဲ့ပွဲမှာ ဟွိုင်လန်းက ဘောလုံးထိချက် ၅၆ ကြိမ်၊ အမြင့်ဘောအသာရမှု ၃ ကြိမ်၊ ဂိုးပေါက်တည့်ချက် ၃ ကြိမ်၊ အရေးပါတဲ့ဘောလုံးပေးပို့မှု ၂ ကြိမ်နဲ့ ၂ ဂိုးသွင်းယူခဲ့ပါတယ်။

အခုဆိုရင် ဟွိုင်လန်းဟာ ပြိုင်ပွဲစုံမှာလည်း ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သလို နောက်ဆုံး ၈ ပွဲမှာလည်း ၈ ဂိုးအထိ သွင်းယူနိုင်ပြီဖြစ်ပါတယ်။

ဟွိုင်လန်းဟာ ကစားသမားဘဝတစ်လျှောက်မှာ ပြိုင်ပွဲစုံ ၆ ပွဲဆက်တိုက်ဂိုးသွင်းနိုင်တာက ပထမဆုံးအကြိမ်ဖြစ်ပြီး အခု လူတန်နဲ့ပွဲမှာ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးဟက်ထရစ်ရဖို့ အခွင့်အရေးကောင်း ထပ်ရခဲ့ပေမဲ့ လူတန်ဂိုးသမားကာမင်စကီး ကာကွယ်နိုင်ခဲ့တာကြောင့်သာ လွဲချော်ခဲ့တာဖြစ်ပါတယ်။