မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် တိုက်စစ်မှုး အန်တိုနီ မာရှယ်ဟာ သူ့ကို ဖီနာဘာချီအသင်းဘက်က ကမ်းလှမ်းမှုတွေ ရှိနေသည့်တိုင် ရာသီကုန်အထိ ယူနိုက်တက်မှာပဲ ဆက်လက် ရှိသွားနိုင်ပါတယ်။
အင်္ဂလန်သား တိုက်စစ်သမား ဆန်ချိုကတော့ အသင်းဟောင်း ဒေါ့မွန်ထံ အငှားနဲ့ ထွက်ခွာသွားပါပြီ။ ယူနိုက်တက်က အငှားနဲ့ လစာ အတွက် ယူရို ၄ သန်း ရရှိမှာ ဖြစ်ပြီး အပြီးခေါ်ယူခွင့် မပါဝင်ပါဘူး။
ဆာဂျင် ရက်ကလစ်ဖ်ဟာ ယူနိုက်တက် ရှယ်ယာ ၂၅% ဝယ်ယူပြီးနောက် ပထမဆုံး အကြိမ် အဖြစ် လာမယ့် တနင်္ဂနွေနေ့ စပါးနဲ့ ပွဲကို အိုးထရက်ဖို့ဒ်မှာ လာရောက် ကြည့်ရှုအားပေးမှာ ဖြစ်ပါတယ်။
မစ်ဒယ်ဘရော့ ကွင်းလယ် ကစားသမား ဟေဒန် ဟက်ခ်နေးကို မန်ချက်စတာ ယူနိုက်တက်က မျက်စိကျနေကြောင်း သတင်း ထွက်လာပါတယ်။ နည်းပြ ကားရစ်ရဲ့ အသင်းမှာ ဟက်ခ်နေးက ဒီရာသီ အစွမ်းပြနေပြီး ပရီးမီးယားလိဂ် ကလပ် တော်တော် များများက ချိန်ရွယ်ခြင်း ခံနေရပါတယ်။
နယ်သာလန်ကလပ် PSV အသင်းဟာ ပယ်လစ္စထရီ ကို ဒီလထဲ အငှားခေါ်ယူချင်နေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။
PSV ဘက်က ယူနိုက်တက်ကို ချိတ်ဆက်မေးမြန်းနေပေမယ့် မန်ချက်စတာ ကလပ်ကတော့ ရာသီကုန်ထိ တောင်ပံ တိုက်စစ်သမား ပယ်လစ္စထရီကို ဆက်ထိန်းထားလိုနေပြီး ကစားသမား ဆန္ဒကို မေးမြန်းနေပါတယ်။
ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ယခုတပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ ပွဲစဉ်မှာ ပြန်လည် ကစားနိုင်ဖို့ အစွမ်းကုန် ကြိုးစား လေ့ကျင့်နေကြောင်း အင်္ဂလန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒေါ့မွန် တိုက်စစ်သမား ဒွန်ရဲလ် မေလန် ကို ဒီလထဲ ခေါ်ယူရေး လက်လျှော့ မသွားသေးပါဘူး။ အသက် ၂၄ နှစ် အရွယ် ကစားသမားကို ဒေါ့မွန်က လက်မလွှတ်လိုပေမယ့် ဆန်ချို ကိုသာ ပြန်ရမယ် ဆိုရင် စဉ်းစားဖွယ် ရှိပါတယ်။
လက်ရှိမန်ချက်စတာ ယူနိုက်တက်မှာ မက်ဂွိုင်းယား၊ လုခ်ရှော၊ မာတီနက်ဇ်၊ ကတ်စ်မဲရိုး၊ မေဆန်မောင့်တို့က ဒဏ်ရာတွေကနေ ပြန်လည် သက်သာလာကာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေကြပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ ပွဲစဉ်မှာ မက်ဂွိုင်းယား ၊ လုခ်ရှောနဲ့ မာတီနက်ဇ်တို့သာ ပြန်ပါလာနိုင်ဖွယ် ရှိပါတယ်။