ဆန်ချို ကို ဒေါ့မွန်ထံ ပြန်လွှတ်ဖို့ မန်ယူအသင်း လက်ခံ ဆွေးနွေးနေ

Posted on

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းမှာ သိုးမည်း တစ်ကောင်လို ဖြစ်နေတဲ့ ဆန်ချိုကို ဒေါ့မွန်ဆီ အငှားချဖြစ်ဖို့ နီးစပ်နေပြီဖြစ် ဖြစ်ပါတယ်။

နည်းပြ တန်ဟက် အလိုမရှိတော့တဲ့ ကစားသမားကို လက်ကျန်ရာသီဝက်မှာ အငှားချလိုက်ပေမယ့် မန်ယူအတွက်ကတော့ မိအေး နှစ်ခါနာ ဆိုသလို ဆုံးရှုံးမှုကြီးမားနေဦးမှာပါ။

ဘာကြောင့်လဲဆို မန်ယူမှာ အဲဒီအင်္ဂလန်သားရနေတဲ့လစာက တစ်ပတ်ပေါင် ၃ သိန်းဖြစ်ပါတယ်။ ဒါပေမဲ့ အငှားကမ်းလှမ်းမှုမှာ ဒေါ့မွန်ပေးနိုင်တဲ့လစာက မန်ယူမှာ ပေးနေတာရဲ့ ၃ ပုံ ၁ ပုံပဲရှိတယ် လို့ သိရပါတယ်။

တစ်နည်းအားဖြင့် မန်ယူဟာ သူတို့ကစားသမားကို အငှားလည်း ချရသေးတဲ့အပြင် ပေါင် ၅.၂ သန်း ထပ်ကုန်ဖို့ ရှိပါတယ်။ ဒေါ့မွန်ဘက်ကလည်း သူတို့ကစားသမားဟောင်းဆန်ချိုကို လစာအပြည့်အဝပေးဖို့ ဆန္ဒမရှိပါဘူး။

ဒါကြောင့် အငှားကြေး အနည်းငယ် ပေးကာ၊ လုပ်ခလစာရဲ့ ၃ ပုံ ၁ပုံ မျှကိုပေးပြီး ခေါ်ယူဖို့ ဒေါ့မွန်က ကြိုးစားနေပါတယ်။

တကယ်လို့ လစာအပြည့်အဝသာ ပေးမယ်ဆို ချက်ချင်းပဲ ကလပ်မှာ လစာအများဆုံးရသူဖြစ်လာမှာ ဖြစ်ပြီး အဝတ်လဲခန်း အတွင်းမှာလည်း မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒေါ့မွန်မှာ လက်ရှိလစာအများဆုံးကစားသမားက နောက်ခံလူ ဆူလီဖြစ်ပြီး တစ်ပတ်ကို ပေါင် ၁၆၆၀၀၀ ရနေတာပါ။ အဲဒါက ဆန်ချိုရနေတဲ့ တစ်ပတ်လုပ်ခရဲ့ ထက်ဝက်ကျော်လေးပဲ ရှိပါတယ်။

မန်ယူက ဒေါ့မွန်ဘက်က ဒီလိုကမ်းလှမ်းတာကို ကျေနပ်မှာ မဟုတ်ပေမယ့် အဲဒါကသာ အသင်းမှာ ဆန်ချို မရှိအောင်လုပ်နိုင်မယ့် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်နေတာပါ။ အင်္ဂလန်သားကို ကမ်းလှမ်းလာမယ့် တခြားသော ကလပ်အသင်းကလည်း လောလောဆယ် ရှိမနေပါဘူး။

ဆန်ချိုဘက်ကလည်း ယူနိုက်တက်မှာ မကစားရတာကြောင့် အသင်းဟောင်း ဒေါ့မွန် ထံကို ပြန်သွားနိုင်ဖို့ အစွမ်းကုန် တွန်းအားပေးနေပါတယ်။