စနေညပွဲမှာ ဖောရက်စ်ကို မန်ချက်စတာ ယူနိုက်တက် မနိုင်ဘူးဆိုတဲ့ ပေါမာဆန်ရဲ့ ဟောကိန်း

Posted on

မန်ချက်စတာ ယူနိုက်တက်ကတော့ နှစ်သစ်ကူးကာလ ပရီးမီးယားလိဂ်မှာ နော်တင်ဟမ် ဖောရက်စ်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ ည ၁၂ နာရီ တိတိ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ နော်တင်ဟမ် ဖောရက်စ် vs မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” နော်တင်ဟမ် ဖောရက်စ်ဟာ အရင်ပွဲ နယူးကာဆယ်နဲ့ တွေ့တုန်းက ၃ မှတ်ပြည့် ယူမယ်လို့ ဘယ်သူ ကြို ထင်ခဲ့မှာလဲ။ သူတို့ အတွက်တော့ မယုံနိုင်စရာ ကောင်းမွန်လွန်းတဲ့ ရလဒ် ဖြစ်ပါတယ်။ သူတို့က မတည်ငြိမ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အတွေ့မှာလည်း နိုင်ပွဲ ရဖို့ အခွင့်ကောင်း ရှိတယ်လို့ ယူဆထားမှာပါ။

ဖောရက်စ် က အိမ်ကွင်းထက် အဝေးကွင်းဆို ပိုကောင်းတတ်တဲ့ အသင်းပါ။ ဒီတော့ ဒီပွဲက သူတို့နဲ့ အကိုက်ပဲ လို့ ကျွန်တော်တော့ မြင်တယ်။ မန်ချက်စတာ ယူနိုက်တက်မှာက မထင်တာတွေ ဖြစ်တတ်လွန်းလို့ သူတို့ပွဲဆို ခန့်မှန်းရမှာ ကျွန်တော် မုန်းပါတယ်။ သူတို့ ဘာလုပ်မလဲ မှန်းလို့ကို မရဘူး။

သူတို့ ချယ်ဆီးကို ၂-၁ နဲ့ နိုင်လို့ ပြန်လာပြီ ထင်ခဲ့ပေမယ့် ဘုန်းမောက်ကို ရှုံးတယ်၊ ဘိုင်ယန်၊ ဝက်စ်ဟမ်းတို့ကို ရှုံးတယ်၊ လီဗာပူးနဲ့ကျ သရေ တစ်မှတ် ရအောင် ယူခဲ့ပြန်တယ်။ ဒီရာသီမှာ သူတို့က လုံလောက်တဲ့ တည်ငြိမ်မှု မပြသနိုင်ဘူး။ ဒါကပဲ အဲရစ်တန်ဟက် အတွက် ပြသနာကြီး တစ်ခု ဖြစ်နေတာပါ။

ဖောရက်စ် အတွက်တော့ ဒီပွဲ သရေ ရရင်ကို ဟုတ်နေလှပါပြီ။ ဒါက ဖြစ်လာနိုင်တယ် လို့ ကျွန်တော် ထင်တယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ နော်တင်ဟမ် ဖောရက်စ် ၁-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။