ဂျင်ရက်ကလစ်ဖ် လုပ်ဆောင်သွားမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပထမဆုံး ပြုပြင်ပြောင်းလဲရေး

Posted on

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ရှယ်ယာရှင်တစ်ဦးဖြစ်လာသူ ဆာ ဂျင် ရက်ကလစ်ဖ်ဟာ သူ ပထမဆုံး လုပ်မယ့် ပြုပြင်ပြောင်းလဲရေးကတော့ အသင်းမှာ ဝန်ထမ်းနေရာ ၃၀၀ ကို လျှော့ချသွားဖို့ ဖြစ်တယ်လို့ သတင်း ထွက်နေပါတယ်။

အသက် ၇၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်ဟာ ခရစ္စမတ်နေ့ မတိုင်ခင်က ယူနိုက်တက် အသင်းရဲ့ ရှယ်ယာ ၂၅ % ကို ပေါင် ၁.၃ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး သူ့လက်ထက်ကျရင် ကြီးမားတဲ့အပြောင်းအလဲတွေ ပြုလုပ်သွားမယ် လို့ အရင်ကတည်းက ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

အခု ရက်ကလစ်ဖ်က ဝန်ထမ်းနေရာ ၃၀၀ ကို လျှော့ချသွားဖို့ စီစဉ်နေပြီး အဲဒီလို လျှော့ချလိုက်ရင် ပေါင် ၂၃၇ သန်း အထိ ငွေကြေး သက်သာသွားမှာဖြစ်သလို အဲဒီငွေတွေကို အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း ပြင်ဆင်ဖို့အတွက် အသုံးပြုမှာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဝန်ထမ်းပေါင်း ၁၀၀၀ နီးပါး ခန့်ထားပြီး အဲဒီထဲက အရမ်းကြီး အရေးမပါတဲ့ ဝန်ထမ်းတချို့ကို လျှော့ချသွားဖို့ရှိပါတယ်။

နာမည်ကြီး ဗြိတိန်သတင်းစာ ဂါးဒီးယန်း ကတော့ ရက်ကလစ်ဖ်ဟာ ကလပ်အသင်းရဲ့ဝင်ငွေ၊ ထွက်ငွေ မှတ်တမ်းကို စာရင်းပြုစုဖို့အတွက် လာမဲ့လကျရင် စာရင်းစစ်တစ်ဦးကို စေလွှတ်သွားမှာဖြစ်ပြီး ဝန်ထမ်းနေရာပေါင်း ၃၀၀ လောက် လျှော့ချခံရဖို့ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ‘ဆာ’ဂျင်ရက်ကလစ်ဖ်ဟာ ငွေကြေးအလေအလွင့်မရှိမှုက ဘယ်လောက်အရေးပါလဲဆိုတာ စီနီယာ မန်နေဂျာတွေကို အသိပေးခဲ့ပါတယ်။

ရက်ကလစ်ဖ်အနေနဲ့ လာမဲ့ဇန်နဝါရီလက စတင်ပြီး ကလပ်အသင်းရဲ့အနေအထားတွေကို စောင့်ကြည့်ဖို့ သူ အယုံကြည် ရဆုံး လက်ရုံးနှစ်ဦးဖြစ်တဲ့ ‘ဆာ’ဒေ့ဗ်ဘရေးစ်ဖော့ဒ်နဲ့ ယန်းကလော့ဘလန့်တို့ကို တာဝန် ပေးသွားမှာ ဖြစ်ပါတယ်။

ရက်ကလစ်ဖ် ပိုင်ဆိုင်တဲ့ INEOS ကုမ္ပဏီရဲ့အားကစားဒါရိုက်တာဖြစ်သူ ‘ဆာ’ဒေ့ဗ်ဘရေးစ်ဖော့ဒ်ဟာ မကြာသေးခင်က အက်စတွန်ဗီလာနဲ့ကစားခဲ့တဲ့ပွဲကို အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း လာရောက်ကြည့်ရှုခဲ့ပါတယ်။

ယန်းကလော့ဘလန့်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း CEO ရာထူးကနေ နုတ်ထွက်ခဲ့သူ ရစ်ချတ်အာနိုးလ် နေရာမှာ အစားထိုးတာဝန်ယူသွားဖို့ရှိပါတယ်။

ဘရေးစ်ဖော့ဒ်နဲ့ ဘလန့်တို့ဟာ ယူနိုက်တက်အသင်းရဲ့ ဘောလုံးကဏ္ဍနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေအပေါ် အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပြီး အဲဒီထဲမှာ စစ်တမ်းအချက်အလက်၊ ကစားသမားတွေ ဒဏ်ရာရရှိမှု နည်းပါးအောင်နဲ့ ဒဏ်ရာကနေ အမြန်ဆုံးပြန်ကောင်းလာဖို့၊ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာစတဲ့ ကဏ္ဍတွေပါဝင်မှာဖြစ်ပါတယ်။