ကင်မရွန်းလူစာရင်းထဲ ရွေးချယ်ခံလိုက်ရတဲ့ အိုနာနာ

Posted on

ကင်မရွန်း လက်ရွေးစင်အသင်း မှ အနားယူခဲ့ဖူးတဲ့ အိုနာနာတစ်ယောက် ယခုတစ်ခေါက် အာဖရိက ပြိုင်ပွဲ ပါဝင် ကစားမယ့် လက်ရွေးစင် အသင်းလူစာရင်းထဲ ပြန်လည် ပါဝင်လာခဲ့တာကြောင့် ကလပ်အသင်း မန်ယူရဲ့ ပွဲစဉ်တွေကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

အိုနာနာဟာ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားတုန်းက အသင်းနည်းပြ နဲ့ အဆင်မပြေဖြစ်ခဲ့သလို အသင်းဂန္တဝင် ကစားသမားဟောင်း အီတိုးနဲ့ပါ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့တာကြောင့် ၎င်းကိုယ်တိုင်က လက်ရွေးစင် အသင်းမှ နှုတ်ထွက်ခဲ့ဖူးတာ ဖြစ်ပါတယ်။

ယခုတစ်ခေါက် အာဖရိကဖလား ပြိုင်ပွဲအတွက် လူစာရင်း ရွေးချယ်မှုထဲမှာ အိုနာနာကို အဓိက နံပါတ် ၁ ဂိုးသမား အဖြစ် ကင်မရွန်းတို့က ပြန်လည် ရွေးချယ်ခဲ့တာကြောင့် အိုနာနာတစ်ယောက် လက်ရွေးစင် အသင်းကို ပြန်လည် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မန်ယူအသင်းကို ခတ္တစွန့်ခွါသွားရဦးမှာ ဖြစ်ပါတယ်။

အိုနာနာကိုသာ အဓိက အားကိုးနေရတဲ့ မန်ယူအသင်းအနေနဲ့လည်း ကင်မရွန်းအသင်းရဲ့ ပွဲစဉ်ရလဒ်တွေကို အမြဲနားစွင့်နေရမှာ ဖြစ်ပြီး ကင်မရွန်းအသင်း စောစောစီးစီး ပြိုင်ပွဲမှ ထွက်ခွါခဲ့ရပါက အိုနာနာကို အချိန်သိပ်မကြာခင် ပြန်လည် အသုံးပြုခွင့် ရသွားမှာလည်း ဖြစ်ပါတယ်။

လက်ရှိ အနေအထားအရ အိုနာနာတစ်ယောက် မန်ယူအသင်းရဲ့ ရှေ့လာမယ့် ပွဲစဉ် ၆ ပွဲခန့် လွဲချော်ရမှာ ဖြစ်တာကြောင့် မန်ယူအသင်း အနေနဲ့ တစ်ကြိမ်မှ ပါဝင်ခွင့်မရသေးတဲ့ အရန် ဂိုးသမား ဘာရင်ဒါကိုသာ အစားထိုး အသုံးပြုသွားရမှာ ဖြစ်ပါတယ်။